နောက်ဆက်တွဲငလျင် ဆက်လက်လှုပ်ခတ်မည့် နေရာများ နှင့် ကူးလောင်း ဖိအား ကူးပြောင်းခြင်း သီအိုရီ
၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီအထိ စစ်ကိုင်းပြတ်ရွေ့ကြောင်းတလျှောက် လှုပ်ခတ်ခဲ့သော Aftershock (သိမ့်ကြွင်း) ငလျင်ငယ်များအား မြန်မာ နှင့် ထိုင်း မိုးလေဝသဌာနများမှ ရရှိသော အချက်အလက်များအား ကိုးကား၍ ဇယားဖြင့် ဖော်ပြထားပါတယ်။ ဧပြီ ၉ ရက်နေ့က အင်အား အသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့ပြီး ပျမ်းမျှပြင်းအား အနည်းငယ် မြင့်တက်ခဲ့ပေမဲ့ နောက်ဆက်တွဲ ငလျင်ငယ်များ ဖြစ်သည့်အလျောက် အားတဖြည်းဖြည်းချင်း လျော့ကျလို့ နေပါတယ်။ ချင်းပြည်နယ်ဖက်မှာ ငလျင်တကြိမ် လှုပ်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း (ထိုင်းနယ်စပ်) မှာလည်း အင်အား အနည်းငယ်ရှိတဲ့ ငလျင်ငယ်တွေ ဆက်လက်လှုပ်ရှားလျက်ရှိပါတယ်။
ဒီနေ့မှာတော့ ပြင်သစ် ရူပဗေဒပညာရှင် အင်ဂျင်နီယာ ကူးလောင်း (Charles-Augustin de Coulomb) ရဲ့ ပွတ်မှုအားပေါ်မူတည်ပြီး စွမ်းအင် လွှဲပြောင်း (ကူးစက်) နိုင်တဲ့ ကမ္ဘာမြေဖိအား အကြောင်း အနည်းငယ် ရေးသားပေးချင်ပါတယ်။ 1776 ခုနှစ်က ကူးလောင်း ရှာဖွေဖော်ထုတ်ခဲ့တဲ့ မြေသား ဖိအား ကူးပြောင်းခြင်း နှင့် တိုက်ရိုက်(သို့) သွယ်ဝိုက်မြေဖိအားအပေါ် ထိစပ်မြေသားတုန့်ပြန်မှု သီအိုရီအရ.. ငလျင်(ကြီး) တစ်ခု လှုပ်ခတ်ရာ ပြတ်ရွေ့ကြောနှင့် ၎င်းနှင့် ထိစပ်နေသော (နီးစပ်သော) ပြတ်ရွေ့ကြောင်းပေါ်တွင် ဖိအား ဆက်လက်သက်ရောက်မှုရှိကြောင်း သိရှိခဲ့ကြရပါတယ်။ ဆိုလိုတာကတော့ ငလျင်ကြီးတစ်ခု လှုပ်ပြီးနောက် ၎င်းပတ်ဝန်းကျင်ရှိ ငလျင်ကြောများမှာ ဖိအားလွှဲပြောင်း (ကူးစက်) ခြင်းနှင့်အတူ သက်ရောက်မှုတွေ ရှိနိုင်တာဖြစ်ပါတယ်။ အဲဒါကိုတော့ ကူးလောင်း ဖိအားလွှဲပြောင်းခြင်း Coulomb stress transfer
ထိုသီအိုရီအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြီး၏ အရှိန် (ဖိအား) သက်ရောက်ခြင်းကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောအနီးတွင် ရှိသော ကျောက်ကြမ်းပြတ်ရွေ့အပါအဝင် အခြား ပြတ်ရွေ့ငယ်များပေါ်တွင် အနည်းနှင့် အများ သက်ရောက်မှုရှိပြီး နောက်ဆက်တွဲ ငလျင်များကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေတဲ့ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တလျောက် အင်အား အနည်းငယ်ရှိတဲ့ ငလျင်ငယ်ပေါင်းများစွာဟာ နေ့စဉ်နှင့်အမျှ လှုပ်ခတ်နေတာဖြစ်ပါတယ်။ ထိုသို့လှုပ်ခတ်နေခြင်းဟာလည်း ဖိအား (စွမ်းအင်) များကို လွှဲပြောင်းထုတ်လွှတ်ပေးနေခြင်းဖြစ်တာကြောင့် ကြီးမားတဲ့ ငလျင်ဖြစ်ခြင်းကို ဟန့်တားပေးလျက် ရှိနေပါတယ်။
ကူးလောင်းရဲ့ အင်အားလွှဲပြောင်းခြင်း နိယာမ နှင့် အမေရိကန် ဘူမိရူပဗေဒ ပညာရှင် James H. Dieterich တို့ ရဲ့ သီအိုရီများအရ စစ်ကိုင်းပြတ်ရွေးကြောမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြတ်ရွေ့ခြင်း (တနည်း) ပွတ်အားသက်ရောက်ခြင်းဟာ မြေပုံမှာဖော်ပြထားတဲ့ အနီရောင်လမ်းကြောင်းတလျောက် အချိန်တစ်ခုကြာသည်အထိ ငလျင်ငယ်များစွာကို ဆက်လက်ဖြစ်ပေါ်နေစေမှာဖြစ်သလို သူ့ရဲ့ ဘေးပတ်ဝန်းကျင် (အရှေ့ဘက် နှင့် အနောက်ဘက်) ပြတ်ရွေ့ကြောင်းများ ရှိရာမှာလည်း အင်အားအနည်းငယ်ရှိတဲ့ ငလျင်များ ဆက်လက်ပြီး ဖြစ်ပေါ်နေနိုင်ပါတယ်။ နောက်ဆက်တွဲ ငလျင်ပြင်းအားကို သီအိုရီဖြင့် တွက်ချက်ရာမှာတော့ အများစုဟာ 2.5 ± 1.0 မဂ္ဂနီကျူ့ (တနည်း) ပြင်းအား ၁ မှ ၄ အကြား ရှိကြမှာဖြစ်ပြီး အင်အား ၅ မဂ္ဂနီကျူ့ဝန်းကျင်ထိလည်း ရောက်ရှိနိုင်ချေ ၂၅% ရှိပါတယ်။ လက်ရှိလှုပ်နေတဲ့ ငလျင်ဇယားကိုကြည့်လျှင် အင်အား အသင့်အတင့် ( ၅ မဂ္ဂနီကျူ့ခန့်) ရှိတဲ့ ငလျင်တွေ ရှိနေသေးတာကို သတိပြုမိနိုင်ပါတယ်။ (ယခုတွက်ချက်မှုဟာ နောက်ဆက်တွဲငလျင်များ၏ စွမ်းအားကူးပြောင်းခြင်းကို သိပ္ပံနည်းကျ တွက်ချက်ခြင်းဖြစ်ပြီး ငလျင်လှုပ်မည့်နေရာကို ကြိုပြောခြင်း (ရမ်းသမ်းခန့်မှန်းနေခြင်း) မဟုတ်ကြောင်းကို သတိချပ်စေချင်ပါတယ်။)
ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးတိုင်း နောက်ဆက်တွဲငလျင်ငယ် (Aftershock သိမ့်ကြွင်း) များဟာ ရာနှင့်ချီပြီး လှုပ်ခတ်တတ်တာဖြစ်ပြီး အချိန်ကာလတစ်ခုအထိ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း နှင့် အဆိုပါ ငလျင်ငယ် (သိမ့်ကြွင်း) များဟာ ဖိအား (စွမ်းအင်) ကူးပြောင်းခြင်းကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲငလျင်များသည်လည်း မူလငလျင်ကြီးလောက် အင်အားပြင်းထန်မှု မရှိနိုင်ကြောင်း ရေးသားလိုက်ပါတယ်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
အထောက်အထား ပုံများ | ပုံများ၏ အကြောင်းအရာများ |
---|---|
၂၀၂၅ မတ်လ ၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီအထိ စစ်ကိုင်းပြတ်ရွေ့တွင် လှုပ်ရှားခဲ့သော ငလျင်များ | |
ပျမ်းမျှ ငလျင်ပြင်းအားများ | |
နေ့စဉ် အမြင့်ဆုံးနှင့် အနိမ့်ဆုံး ငလျင်ပြင်းအားများ | |
ကူးလောင်း ဖိအား လွှဲပြောင်းခြင်း | |
နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်မည့်နေရာ ခန့်မှန်းချက် | |
Charles-Augustin de Coulomb |
အာကာသနှင့် စကြဝဠာ သင်ထောက်ကူ Facebook Page မှ ကူးယူဖေါ်ပြပါသည်။
မူရင်း Post Link: https://www.facebook.com/share/p/1FdBkkEQeG/
Coulomb's Law အကြောင်း ဝီကီ Link: https://en.wikipedia.org/wiki/Coulomb%27s_law