မိုးကြိုကာလနှင့် မိုးဦးမုန်ုတိုင်းအန္တရာယ်
MMWeather Knowkedge Site main page ရဲ့ banner မှာ "ဧပြီလ ၁၅ ရက်မှ မေလ ၁၅ ရက်အတွင်းသည် မိုးကြိုကာလဖြစ်ပြီး၊ ဤကာလအတွင်း ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်ပါသည်။" ဟု ရေးပေးထားပါတယ်။ (ပုံ-၁)
(ဧပြီလ ၁၅ ရက် ၊ နံနက် ၂ နာရီ)
🔸 ငလျင်ဒဏ်ကို ခံစားရသည့်အခြေအနေမှ ငလျင်ကြီးထပ်မံလှုပ်နိုင်သည်ဆိုသော ယူဆချက်များက ခိုင်မာမှုမရှိ၍ မစိုးရိမ်ရသော်လည်း၊ မကြာမီရောက်လာတော့မည့် မိုးကြိုကာလနှင့်မိုးဦးကာလအတွင်း ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများအန္တရာယ်က လတ်တလော သဘာဝဘေးဒဏ်သင့်နေသည့် အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ (ပုံ-၂)
🔸 နောက်တနည်းပြောရရင် နက်ရှိင်းစွာကွဲအက်နေသော ငလျင်ဒဏ်သင့်ဒေသများမှ မြေအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်က နောက်ဆက်တွဲငလျင်ငယ်များနှင့် ပင်လယ်ပြင်မှ ထူးခြားသောမိုးလေဝသအခြေအနေများမှ ဖြစ်ပေါ်လာစေတဲ့ "မိုးများနိုင်သောအခြေအနေ" ဖြစ်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသများမှာဖြစ်ပေါ်တဲ့ မြေအောင်းရေတိုးခြင်း(Liquefaction) ကို ပိုဆိုးစေနိုင်ပါမယ်။
🔸 ရာသီဥတုပြောင်းလဲခြင်း(Climate Changes)ကြောင့် ၂၀၁၈ ခုနှစ်မှ စတင်၍ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာရှိတဲ့ အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန်များ မြင့်တက်လာခြင်းက ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်မှုတွေ များလာစေတဲ့အပြင် မုန်တိုင်းဖြစ်ပြီဆိုသည်နှင့် ရုတ်တရက်အားကောင်းလာခြင်း(Rapid Intensification)ကြောင့် အထက်ပါ ပင်လယ်ပြင်များနှင့်ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုးမှုတွေလည်း မြင့်တက်လာခဲ့ကြောင်း တွေ့ရပါတယ်။
🔸 ဧပြီလ ၁၆ ရက်မှ မေလ ၁၅ ရက်အတွင်း - မိုးကြိုကာလနှင့် မေ ၁၆ မှ ဇွန် ၃၀ ရက်အတွင်း မိုးဦးကာလတွေမှာ အဖျက်စွမ်းအားကြီးတဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေ ဖြစ်လာတတ်ပြီး အားပျော့နေသယောင်နဲ့ ရုတ်တရက်အင်အားကောင်းလာတတ်တာကလဲ သတိထားစောင့်ကြည့်စရာတခု ဖြစ်လာပါတယ်။
အစွန်းရောက်ရာသီဥတုဖြစ်စဉ်(အယ်နီညို၊ လာနီညာ၊ အိုင်အိုဒီ)ဆိုတာတွေ ဘယ်လိုပဲ ဖြစ်လာပါစေ ပင်လယ်ရေမျက်နှာပြင်အပူချိန် ၂၉°C မှ ၃၀°C နှင့်အထက်အထိမြင့်တက်လာခြင်းက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်စေပြီး အားကောင်းလာစေတယ်၊ အချိန်တိုအတွင်း ရုတ်တရက် အားကောင်းလာတတ်တယ်ဆိုတာ မိုးလေဝသပညာရှင်များနဲ့ ရာသီဥတုစောင့်ကြည့်လေ့လာသူများအားလုံးက နားလည်ထားပြီးဖြစ်တာကြောင့် - 🔸 မကြာမီရောက်လာတော့မဲ့ မိုးကြိုကာလအတွင်းမှာ ပင်လယ်ပြင်အပူချိန်နဲ့ ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်ချေကို အထူးသတိပြုစောင့်ကြည့်နေကြရမှာပါ။
မိုးကြိုကာလနှင့် မိုးဦးကာလအတွင်းဖြစ်ပေါ်ခဲ့ပြီးကျနော်တို မှတ်မိနေကြမဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတွေကို လေ့လာတင်ပြပေးလိုက်ပါတယ် -
🔸 ၂၀၀၄ ဆိုင်ကလုန်းမုန်တိုင်း “မြန်မာ”
(မုန်တိုင်းအမည်များမပေးသေး) မေလ ၁၆ - မေလ ၁၉
🔸 ၂၀၀၆ ဆိုင်ကလုန်းမုန်တိုင်း “Mala” ဧပြီလ ၂၅ မှ ဧပြီလ ၂၉
🔸 ၂၀၀၈ ဆိုင်ကလုန်းမုန်တိုင်း “Nagis” ဧပြီလ ၂၇ မှ မေလ ၃
🔸 ၂၀၀၉ ဆိုင်ကလုန်းမုန်တိုင်း “Aila” မေလ ၂၅ မှ မေလ ၂၇
🔸 ၂၀၂၀ ဆိုင်ကလုန်းမုန်တိုင်း “Amphan” မေ ၁၆ မှ မေ ၂၁
🔸 ၂၀၂၁ ဆိုင်ကလုန်းမုန်တိုင်း “Tauktae” မေ ၁၄ မှ မေ ၁၉
🔸 ၂၀၂၂ ဆိုင်ကလုန်းမုန်တိုင်း “Asani” မေ ၇ မှ မေ ၁၂
🔸 ၂၀၂၃ ဆိုင်ကလုန်းမုန်တိုင်း “Mocha” မေ ၉ မှ မေ ၁၅
🔸 ၂၀၂၄ ဆိုင်ကလုန်းမုန်တိုင်း “Remal” မေ ၂၄ မှ မေ ၂၈
(ပုံ-၃)