MMWEATHER စတင်ခြင်း၏ ရည်ရွယ်ချက်
၂၀၀၈ ခုနှစ် ဧပြီလ ၂၇ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ စတင်ဖြစ်ပေါ်ခဲ့သော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းနာဂစ်(NARGIS) ဝင်ရောက်တိုက်ခတ်အပြီး လူ့အသက်ပေါင်းများစွာနှင့် ကျွဲနွားတိရိစ္ဆာန်များ၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ပြင်းထန်သောသဘာဝဘေးများဖြစ်ပေါ်သည့်အခါတိုင်း -
- ကြိုတင်သတိပေးခြင်း
- ကယ်ဆယ်ရွှေ့ပြောင်းခြင်း
- ရှာဖွေကယ်ဆယ်ခြင်း နှင့်
- ပြန်လည်ထူထောင်ခြင်း
စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော သတင်းများ အချိန်မီရရှိနိုင်စေရန်ရည်ရွယ်ပြီး MMWeather အမည်ဖြင့် ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ လေ့လာခြင်းများကို စတင်ဆောင်ရွက်ခဲ့သည်။
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ပိုမိုဆိုးရွားသောအစွန်းရောက်ရာသီဥတုဖြစ်စဉ်များလည်း ဖြစ်ပေါ်နေသည်။ ပုံမှန်အားဖြင့် ၄ နှစ်မှ ၇ နှစ်လျှင် ၁ ကြိမ်ခန့်သာဖြစ်တတ်သော အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်သည့် အယ်လ်နီညိုနှင့် လာနီညာ(El Niño and La Niña) ဖြစ်စဉ်များ၊ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင်ဖြစ်ပေါ်တတ်သည့် အိုင်အိုဒီ(Indian Ocean Dipole - Positive and Negative) အစရှိသည့် ရာသီဥတုဖြစ်စဉ်များသည်လည်း ဖြစ်ပေါ်မှုစိပ်လာသည်။
ထို့အပြင် ပြင်းထန်သည့် ရာသီဥတုပြောင်းလဲခြင်းများကြောင့် နွေမုတ်သုံရာသီ(ဇွန်လမှ အောက်တိုဘာလအတွင်း)နှင့် ဆောင်းမုတ်သုံရာသီ(ဒီဇင်ဘာလမှဧပြီလအတွင်း)ဖြစ်ပေါ်သည့် မုန်တိုင်းများသည်လည်း လမ်းကြောင်းပြောင်းလဲလာခြင်း၊ ပိုမိုအားကောင်းလာခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအရေအတွက် များလာခြင်းနှင့်လျော့ကျသွားခြင်းစသည့် မူမမှန်သော ထူးခြားမိုးလေဝသဖြစ်စဉ်များလည်း လာမည့်နှစ်များတွင် ပိုမိုဖြစ်ပေါ်လာနိုင်ဘွယ်ရှိနေသည်။
ကမ္ဘာကြီးပူနွေးလာခြင်း(Global Warming)ကြောင့် ဝင်ရိုးစွန်းရေခဲပြင်များအရည်ပျော်မှုပိုမိုလာပြီး ဆက်လက်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲရာသီဥတုပြောင်းလဲခြင်းများသည်လည်း တနှစ်ထက်တနှစ်ပိုမိုလာနိုင်သည့်အတွက် နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ်ဖြစ်ပေါ်လေ့ရှိသော မိုးလေဝသထူးခြားမှုအခြေအနေများကို ပြည်သူများကိုယ်တိုင် သိရှိနားလည်ပြီး ကိုယ်တိုင်ကိုယ်ကျလေ့လာခန့်မှန်းနိုင်ကြစေရန် ရည်ရွယ်လျှက် MMWeather Website ကို စီစဉ် ရေးသားတင်ပြခြင်းဖြစ်ပါသည်။
မုန်တိုင်းတွေတိုက်တာ၊ မိုးတွေများလို့ - မြစ်တွေရေကြီးရေလျှံဖြစ်လာတာ၊ တောင်ကျချောင်းရေတွေဆင်းလာလို့ ရေကြီးရေလျှံဖြစ်တဲ့အပြင် တောင်တွေပြို-မြေတွေပြိုတာ၊ ပင်လယ်ဒီရေမြင့်တက်တာကြောင့် အနိမ့်ပိုင်းတွေ ရေဝင်/ရေကြီးတာ၊ ငလျင်လှုပ်တာ စသည်ဖြင့် ... ဒီလိုသဘာဝဘေးအန္တရာယ်တွေကို မဖြစ်ကြပါနဲ့လို့ တားဆီးလို့ မရဘူး
ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ လိုက်လျောညီထွေနေတတ်အောင် ကြိုတင်ပြင်ဆင်စီမံထားနိုင်အောင် ခေါင်းဆောင်တတ်တဲ့ ပြည်သူတွေ များသည်ထက်များလာအောင် အသိပညာပေးတာများများလုပ်ဘို့ဘဲ လိုတယ်
ပေးလိုက်တဲ့ အသိပညာကို ပြည်သူတွေအားလုံးကလဲ လိုက်နာတတ်ပြီဆိုရင် ... ဘယ်လိုသဘာဝဘေးအန္တရာယ်တွေဖြစ်ဖြစ် အသက်ဆုံးရှုံးမှုတွေ နည်းလာလိမ့်မယ်